Sunday, December 18, 2011

Save Irrawaddy SF stands with Kachin at Charity Event

“ဒီနေ့မှာ ဒို့တွေအားလုံး ကချင်တိုင်းရင်းသားတွေဖြစ်တယ်”
ကချင်ဒုက္ခသည်များကူညီထောက်ပံ့နိုင်ရေး ဈေးရောင်းပွဲ၊ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပ
မိုးမခ၊ ဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၁
ကချင်တိုင်းရင်းသား ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေးအဖွဲ့များဖြစ်တဲ့ (San Francisco Kachin Baptist Church, Kachin Heritage Organization, Free Kachin Campaign) ဦးစီးကျင်းပတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် ကချင်တိုင်းရင်းသားများ ကူညီထောက်ပံ့အားပေးရေး၊ ကချင်တိုင်းရင်းသားအရေးတို့ မြန်မာတိုင်းရင်းသားအပေါင်း ပိုမိုနားလည် စာနာရေး ပြပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို ယမန်နေ့က (ဒီဇင်ဘာ ၁၇၊ စနေနေ့) ဒေလီးစီးတီး၊ Little Theater ခန်းမမှာ ကျင်းပခဲ့ပါတယ်။
 ပွဲတော်ကို မြန်မာကွန်မြူနီတီအသင်းအဖွဲ့များ မိသားစုများနဲ့အတူ Save Irrawaddy SF Campaign Committee ကလည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချလှူဒါန်းခဲ့ကြပါတယ်။ စားသောက်ဆိုင်ခန်း ၂၅ ဆိုင်ခန့်နဲ့ ပြခန်းများအပြင် ဟောပြောပွဲ၊ ဖျော်ဖြေပွဲ အခမ်းအနားများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ပုံငွေပွဲတော်ဝင်ပေါက်မှာ “We are all Kachin, today” – ဒီနေ့မှာ ဒို့တွေအားလုံး ကချင်တိုင်းရင်းသားတွေ ဖြစ်တယ်” လို့ စာတမ်းက ချိတ်ဆွဲပြီး ကြိုဆိုနေကိုလည်း တွေ့ရပါတယ်။
အခမ်းအနားမှာ အဖွင့်ဆုတောင်းစကားကို Rev. Lahpai Zauya က၎င်း၊ အဖွင့်ကြိုဆိုမိန့်ခွန်းကို Hpt. Duwa Luksing Zau Aung က၎င်း၊ ကချင်လွတ်မြောက်ရေးလှုပ်ရှားမှုများကို Duwa Howa Jala က၎င်း၊ Presentation များကို Naw San Lashi Labya က၎င်း ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ ကချင်တိုင်းရင်းသားတို့ရဲ့ မျက်မှောက်ခံစားချက်များကို ဝေမျှတဲ့ “Hearing the cries, Sharing the pains and Acting in Hope” ခေါင်းစဉ်နဲ့ ဟောပြောမှုကို Rev. Dr. Naw San Dee က တင်ဆက်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်များကို Gun Nawng နဲ့ Hom De San တို့က ဆောင်ရွက်ခဲ့ကြပါတယ်။
ကချင်တိုင်းရင်းသားအကများ၊ သီချင်းများအပြင် ကရင်တိုင်းရင်းသားအကမျာ၊ မြန်မာစတီရီယို သီချင်းများ၊ အနောက်တိုင်းခေတ်ပေါ်အကများနဲအလည်း ပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်။ ရန်ပုံငွေပွဲတော် နိဂုံးချုပ်မှာတော့ ကချင်တိုင်းရင်းသားများနဲ့အတူ မြန်မာတိုင်းရင်းသားပေါင်းစုံ လက်တွဲပြီးတော့ ကချင်ရိုးရာ စုပေါင်း မနောက နဲ့ အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသားများသာမက မြန်မာတိုင်းရင်းသားပေါင်းစုံအားလုံး ညီညွတ်တဲ့ စာနာနားလည်တဲ့ စိတ်ဓာတ်တွေနဲ့ လက်တွဲပြီး ၂၀၁၂ နှစ်သစ်ကို ကြိုဆိုလိုက်ကြတဲ့ ပြည်ထောင်စုပွဲတော်လေးတခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။

No comments:

Post a Comment