Monday, November 7, 2011

1st Public Announcement - Burmese Language

Save Irrawaddy SF Campaign Committee
မြန်မာပြည်၏ ဧရာဝတီမြစ် ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြရေး ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာပြည်သားမိသားစုများရဲ့ နှိုးဆော်ချက်
 နေ့စွဲ။ ။ အောက်တိုဘာ ၃၀၊ ၂၀၁၁
          ဆန်ဖရန်စစ္စကိုဘေးဧရိယာက  ငြိမ်းချမ်းရေးနှင့် သဘာဝတရားချစ်မြတ်နိုးသူ မြန်မာပြည်သားများနဲ့ အမေရိကန်မိတ်ဆွေများ ကိုယ်စား ကျနော်တို့ လုပ်အားပေးများ၊ စေတနာရှင်များ၊ ကွန်မြူနီတီရေး လှုပ်ရှားသူများက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
မြန်မာပြည်အစိုးရနဲ့ တရုတ်အစိုးရတို့ ပူးပေါင်းပြီး နယူးယောက်မြို့တော်ပမာဏခန့် ကြီးမားသည့် ဆည်ကြီးကို မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံဒေသတွင် စီမံကိန်းချတည်ဆောက်ရန် စတင်ခဲ့ပါတယ်။ ထိုစီမံကိန်းကြောင့် မြန်မာပြည်၏ မြောက်မှ တောင်သို့ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးသာမက မြန်မာပြည် သဘာ၀၀န်းကျင်နှင့် လူမှုဘ၀များ ထိခိုက်ပျက်စီးလာကြောင်း၊ ပိုမိုဆိုးဝါးလာကြောင်း အများပြည်သူနှင့် ကမ္ဘာတလွှားရှိ သဘာဝန်းကျင် ချစ်မြတ်နိုးသူများက ပြောဆို ကန့်ကွက်မှုများ လုပ်လျက်ရှိပါတယ်။
စက်တင်ဘာ ၃၀ နေ့မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်ရှိအချိန်မှာ ခေတ္တရပ်ဆိုင်းကြောင်းသာ ထုတ်ပြန်ခဲ့ပြီး ထိုစီမံကိန်းကို တရားဝင်လုံးဝ ရပ်ဆိုင်းခြင်း မရှိသေးပါဘူး။ သို့ဖြစ်ပါ၍ မြန်မာအစိုးရ၏ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းကိစ္စအ၀၀ကို လုံးဝ ရပ်ဆိုင်းကြောင်း၊ ဖျက်သိမ်းကြောင်း တရားဝင် တိကျရှင်းလင်းစွာ ထုတ်ပြန်ပေးပါရန် မိမိတို့က တောင်းဆိုအပ်ပါတယ်။
သို့ဖြစ်ပါ၍ ကျနော်တို့ ဧရာဝတီနှင့် မြန်မာပြည်ချစ်မြတ်နိုးသူများအနေဖြင့် ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း ပညာရှင်များ၊ စေတနာရှင် လုပ်အားပေးများ၊ အစုအဖွဲ့များ၊ အနုပညာရှုင်များရဲ့ ဆောင်ရွက်ချက်များကို ကူညီပံပိုး ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုများ၊ မိမိတို့ ဒေသအလိုက် လှုံဆော် စည်းရုံးမှုများ တတ်စွမ်းသမျှ လက်တွဲ လုပ်ကိုင်ကြမယ် ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများနဲ့ အိမ်နီးချင်းပထ၀ီဒေသများအတွင်း ငြိမ်းချမ်းရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး လိုအပ်တဲ့ အခြေအနေများကိုလည်း ထုတ်ဖော်တင်ပြသွားမှာ ဖြစ်ပါတယ်။
တင်ပြတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သဘာဝန်းကျင်နဲ့ ဒေသခံ ကချင်တိုင်းရင်းသားများရဲ့ လူအခွင့်အရေးဆိုင်ရာ လိုအပ်တဲ့ အခြေအနေအသီးသိးကိုလည်း ပညာရှင်များ၊ လက်တွေ့ လှုပ်ရှားနေသူများနဲ့ လက်တွဲပြီး ထုတ်ပြန်သွားမယ်၊ တင်ပြသွားရန် ကြိုးစားသွားမယ် ဖြစ်ပါတယ်။
ကျနော်တို့နည်းတူ မြန်မာပြည်နဲ့ ဧရာဝတီချစ်သူ၊ ငြိမ်းချမ်းရေးနဲ့ သဘာ၀၀န်းကျင်ချစ်သူများကလည်း တယောက်တလက် ကိုယ်ထူကိုယ်ထ ချိတ်ဆက် လက်တွဲဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံလိုက်ပါတယ်။ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဆက်သွယ်ရန် -
Save Irrawaddy SF Campaign Committee လုပ်အားပေး နဲ့ စေတနာရှင်များကိုယ်စား
ကိုကျော်သူရ (lovemyn@gmail.com)
မခင်သီရိနန္ဒာစိုး (khinthirinandarsoe@gmail.com)
ကိုညီညီသန်း ( nyi1269than@gmail.com)
ကိုမိုးကျော် (moethu7@gmail.com)
ကိုကျော်ဝင်း (babymoekyaw@yahoo.com)

Save Irrawaddy SF ၏ လက်ရှိ အစီအစဉ်များ

ပထမခြေလှမ်းအဖြစ်  အောက်တိုဘာ ၉ ၊ ၂၀၁၁၊ ဧရာဝတီချစ်သူများစကားဝိုင်း၊ မေတ္တာနန္ဒကျောင်းတိုက်၊ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီနှင့် ဧည့်သည်တော် ဆရာမောင်စွမ်းရည်၊ ဆရာ ချိုတူးဇော်၊ ကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မပီယ၊ ဒွိပိဋကဆရာတော် ဦးနေမိန္ဒာဘိဝံသ တို့နဲ့ ကျင်းပခဲ့ပါတယ်။

နောက်လာမည့် အစီအစဉ်ကတော့ -
နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ စနေနေ့၊ ဧရာဝတီချစ်သူများ ဆွေးနွေးပွဲ၊
Fremont, Centerville Community Center, From 2PM to 5PM, (2-2:30PM Reception, 2:30-5PM Panel Talk)

စိတ်ဝင်စားတဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီနှင့် ဧည့်သည်တော်များအဖြစ် ၀ါရှင်တန်ဒီစီက မြန်မာအရေးလှုပ်ရှားသူ ကိုအောင်ဒင်၊ ဘာကလေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေသူ သတင်းစာဆရာ ကိုမင်းဇင်၊ ကချင်တိုင်းရင်းသားကွန်မြူနီတီလှုပ်ရှားသူ လူငယ်ကိုယ်စားလှယ်၊ ဧရာဝတီအရေး စိတ်ဝင်စားသူ ပညာရှင်များ၊ ကွန်မြူနီတီ ခေါင်းဆောင်များနဲ့ စုံလင်စွာ ကျင်းပပါမယ်။

ဝင်ကြေး အခမဲ့ဖြစ်ပါတယ်။ အားပေးကူညီလိုသူ လုပ်အားပေးများ၊ စေတနာရှင်များ၊ အလှူရှင်များကို ကြိုဆိုပါတယ်။


No comments:

Post a Comment