Wednesday, November 30, 2011

Helping Kachin Refugee - Fund Raising Pwe

ကချင်ဒုက္ခသည်များကူညီရေး ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ ရန်ပုံငွေဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
ဆန်ဖရန်ဘေးဧရိယာတွင် မှီတင်းနေထိုင်ကြတဲ့ ကချင်တိုင်းရင်းသား ကွန်မြူနီတီနဲ့အတူ မြန်မာတိုင်းရင်းသားစုံ၊ ဘာသာပေါင်းစုံတို့ ၀ိုင်းဝန်းကြမယ့် မြန်မာပြည်က ကချင်ဒုက္ခသည်များကူညီရေး ဈေးရောင်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁၇၊ ၂၀၁၁၊ စနေနေ့၊ ဒေလီးစီတီးက မြန်မာများစုဝေးနေကြ Little Theater Community Centerက Gallery Hall မှာ ကျင်းပမယ့်အကြောင်း ကြားသိရပါတယ်။ (ဖိတ်စာက ဒီမှာပါ)
ကမကထလုပ်ကြတဲ့ ကချင်တိုင်းရင်းသားအဖွဲ့တွေကတော့ San Francisco Kachin Baptist Church, Kachin Heritage Organization, Free Kachin Campaign တို့ဖြစ်ကြပြီး ဆန်ဖရန်ဘေးဧရိယာက စိတ်ဝင်စားသူ မြန်မာကွန်မြူနီမိသားစုများ ၀ိုင်းဝန်းကြပါတယ်။ Save Irrawaddy SF လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ မြန်မာတိုင်းရင်းသားများကလည်း ၀ိုင်းဝန်း လှုံဆော်လျက်ရှိတာကို တွေ့ရပါတယ်။
Save Irrawaddy SF က ကြက်သားဒန်ပေါက် ချက်ပြုတ်ပြီး ရောင်းချရန်ပုံငွေ ရှာမယ်လို့ ဆိုပြီး ဦးအေးကိုကိုမိသားစုက အုန်းနို့ခေါက်ဆွဲ၊ မအိပပနဲ့ မအေးအေးအောင်တို့က စမူဆာသုတ်၊ ကိုအောင်မင်း၊ မစန္ဒာတို့က ခေါက်ဆွဲသုတ်တို့ လာရောက် ရောင်းချပြီး ရန်ပုံငွေအလှူပြုလုပ်ကြမယ့်အကြောင်း ကြားသိရပါတယ်။ ကချင်တိုင်းရင်းသားများရဲ့ ရိုးရာစားသောက်ဖွယ်ရာဆိုင်များလည်း တည်ခင်းရောင်းချမယ်လို့ သိရပါတယ်။
ကချင်တိုင်းရင်းသားအဖွဲ့များအပြင် Save Irrawaddy SF က မိတ်ဆွေများကို ဆက်သွယ် ကူညီမှုများ စုံစမ်းမှုများ ပြုလုပ်နိုင်ပါတယ်လို့ သိရပါတယ်။ http://saveIrrawaddySF.blogspot.com 
၂၀၁၀ နှစ်ဆန်းမှာ ကြံ့ဖွံ့ပါတီဦးဆောင်တဲ့ ဦးသိန်းစိန်အစိုးရ မြန်မာပြည်မှာ အာဏာရပြီးနောက် ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်ပွားမှု ပိုမို ပြင်းထန်လာပါတယ်။ ကချင်တိုင်းရင်းသားတွေ ၂ သောင်း ကျော် (အောက်တိုဘာ ၂၇၊ ၂၀၁၁ Relief Action Network စာရင်းအရ) မိမိတို့အိမ်ယာတွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း အငြင်းပွားနေမှုများကြာင့်လည်း မြန်မာအစိုးရနဲ့ လုပ်ငန်းအကျိုးတူဆောင်ရွက်နေတဲ့ တရုတ်အစိုးရကြားမှာ ကချင်ပြည်နယ်သားတွေဟာ ပိတ်မိနေပြီး စစ်ပွဲတွေကြောင့် လူအများ သေကြေပျက်စီးခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါတယ်။ ယခု ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲကတဆင့် ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေရဲ့ ညီအကို မောင်နှမ မိသားစုစိတ်ဓာတ်တွေ၊ ယိုင်းပင်းကူညီမှုတွေကို တတ်နိုင်တဲ့နေရာကနေ ပြသထုတ်ဖော်ရာရောက်မှာ ဖြစ်ပါတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ Crimes in Northern Burma Report စာအုပ်ကို သည်မှာ ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment